#အောင်သင်း - အမွေ (စာ - ၃၄/၃၅ )
-- ဒါကြောင့်မို့လို့ ကြိုးစားပမ်းစား ယုံယုံကြည်ကြည်နဲ့ ပညာကိုသင်ပါ။ ဒီကနေ့ သင်တဲ့ဥစ္စာ မင်းကို တစ်နေ့ကျရင် အကျိုးပေးပါလိမ့်မယ်။ စိမ့်ပြီး အကျိုးပေးလိမ့်မယ်။ ယုံပါ။ အဲဒါကြောင့် အရေးတကြီး မချမ်းသာချင်ပါနဲ့။ ပညာကို ကြိုးစားသင်ပါလို့ ပြောချင်တယ်။ ကောင်းပြီ။ အဲဒါ ကျောင်းနေတဲ့ လူငယ်တွေကိုပြောတာ။ ကိုင်း ကျောင်းတောင်မနေနိုင်ဘူးဆိုတော့ အဲဒီကလေးက ဆင်းဆင်းရဲရဲဖြစ်နေ၊ မိဘက ချို့တဲ့နေ၊ ကျောင်းမတက်နိုင်တော့ဘူး။ အခြေအနေက မပေးတော့ဘူးပေါ့။ မင်းလည်း ငယ်သေးရင် ပညာရှာပါ။ ထမင်းစားကျွန်ခံလို ပညာကိုရှာရတာမျိုးချည်းပဲ။ ဒီအတိုင်းချည်းပဲ။ လောကကြီးမှာ သူများခိုင်းတာခံချင်မှ ကိုယ်က သူများခိုင်းနိုင်တဲ့ အဆင့်ကို ရောက်မှာ။ မြန်မာစကားတစ်ခုရှိတယ်။ သူများဖိနပ်ကိုကိုင်မှ ကိုယ့်ဖိနပ်ကို ကိုင်မယ့်သူပေါ်တယ်။ ဒါ အမှန်တွေ။
-- ဆိုကြပါစို့။ မင်းတို့ ဒီနေ့ ဝပ်ရှော့တွေမှာ တော်တော် ကြီးပွားနေတဲ့ ဝပ်ရှော့တွေကို သွားကြည့်ပါ။ သူတို့တစ်တွေဟာ ဘယ်မှာလုပ်ခဲ့တာလဲ။ အဲဒီဝပ်ရှော့ဆရာတွေက ဟေ့ကောင် ရေနွေးတည်စမ်း၊ ဆေးလိမ်မီးတို့လိုက်စမ်း၊ ဆီချေးအပေပေနဲ့ သွားရတာ။ မော်တော်ကားဗိုက်အောက်ကို ပက်လက်ဝင်လှန်ရတဲ့ကောင်တွေချည်းပဲ။ အဲဒီကောင်တွေက ဖြစ်တယ်။ ဘော်ဒီထုတဲ့ကောင်တွေကို သွားကြည့်စမ်း။ အဲဒီလိုကစတာ။ ..................................... ကျောင်းမနေနိုင်လို့ရှိရင် ခုန မင်း ဘာပညာသင်ချင်သလဲ၊ ဘာဝါသနာပါလဲ ကြည့်ပါ ဟုတ်လား။ ဆိုက်ကားနင်းတဲ့လူဟာ အဲဒီအတိုင်း နေသွားရင် တစ်သက်လုံး နင်းသွားရမယ်။ ဘာလို့ဆို သူက ပညာမပါဘူး။ ဒါပေမယ့် အဲဒီကောင်ကနေ ဆိုက်ကားပြင်လို့ရှိရင် ဒီကောင်က ပညာပါလာပြီနော်။ ဘဝ တိုးတက်ဖို့အခွင့်။ အဲဒီကနေ ဆိုက်ကားပြင်ဆိုင်ထောင်။ ဆိုက်ကားပြင်ဆိုင်ကနေ တက်ရင် မော်တော်ဆိုင်ကယ်ရောက်လာမယ်။ ပညာပါတဲ့ကောင်ဟာ တဖြည်းဖြည်း တက်သွားမယ်။ ပညာမပါဘဲ ထမင်းစားရုံလေး ဥစ္စာရရုံလေးသွားနေလို့ကတော့ မင်း ဘယ်တော့မှ တက်မှာမဟုတ်ဘူး။ မင်းကျောင်းမနေခဲ့လို့ရှိရင် ပညာရှာပါ။ တစ်နေရာမှာ ရှာပါ။ အဲဒီအချိန်မှာ အငေါက်ခံပါ အဆဲခံပါ။ သူများကို လုပ်ကိုင်ပေးပါ။ ကိုယ့်ဆရာကို၊ ကိုယ့်ကို ပညာပေးတဲပဆရာကို ရိုရိုသေသေ ဆက်ဆံပါ။ ရေပူရေချမ်း ကမ်းလှမ်းပြီး အလုပ်အကျွေးပြုပါ။ မင်းကို ပညာမှန်သမျှ အကုန်ပေးလိမ့်မယ်။
#အောင်သင်း - အမွေ (စာ - ၄၂/၄၄ )
-- စာဖတ်တဲ့အခါကျတော့ စာဖတ်နည်းကို ပြောရဦးမယ်။ ဘာစာဖတ်ရမလဲဆိုတာ မမေးနဲ့။ အဲဒါ ပြောဖို့ သိပ်ခက်တဲ့ကိစ္စ။ ဟာ ဒီစာသိပ်ကောင်းပါတယ်ဆိုလို့ သွားဖတ်လိုက်၊ ပြီးတော့ ဆရာရယ် ဘာစာကြီးမှန်လဲ မသိဘူး။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ အဲ့တော့ လုပ်တဲ့နည်းကို အရင်က ဆောင်ပါးလေးတစ်စောင် နှစ်စောင်တော့ရေးဘူးတယ်၊ အခုတော့ ဒီမှာ ထည့်ပြောလိုက်ဦးမယ်။ အခုတော့ အမွေဆိုတဲ့ သဘောဆိုတော့ အကုန်လုံး တတ်နိုင်သမျှ ဘဝအတွက် စုစုပေါင်းပေါင်းလေးပါအောင်လို့ ကျွန်တော်ထည့်ပြောတာပါ။ မဂ္ဂဇင်းတွေရှိတယ်၊ အဲဒီ မဂ္ဂဇင်းအဟောင်းတွေ အပါအဝင်ပေါ့။ အားလုံး မဂ္ဂဇင်းဆယ်မျိုးဖတ်မယ်ပေါ့။ အဲဒီ မဂ္ဂဇင်းဆယ်မျိုးမှာ ဖတ်လိုက်လို့ရှိရင် တစ်နှစ်အတွက်ဆို အုပ်တစ်ရာ့နှစ်ဆယ်ပေါ့။ အဟောင်းထဲက ပြန်ဖတ်။ အသစ်က စောင့်နေဦးမယ်။ အလွတ်စေနဲ့။
-- အဟောင်းထဲက ပြန်ရှာ။ ဖတ်တဲအခါ အဲဒီအထဲမှာ ကဗျာတွေ ဝတ္ထုတွေကို ဘေးချိတ်ထား။ ဆောင်ပါးတွေကိုချည်း အရင်ဖတ်။ ဆောင်းပါးတွေကိုချည်း ဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့ရမလဲဆိုရင်၊ ဘယ်စာရေးဆရာဟာ ဘာစာမျိုးတွေ ရေးလေ့ရှိတယ်၊ ဘယ်စာမျိုးကို ငါကြိုက်တယ်။ ဟော စာရေးစရာကိုလည်း တွေ့လာလိမ့်မယ်။ သိလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုလည်း သိလာလိမ့်မယ်။ အဲဒီတော့ ငါ ဘယ်စာမျိုးကြိုက်တယ်။ အလိုလိုနေရင်း ဘယ်စာမျိုးဖတ်ရမယ် ဆိုတာ သိလာလိမ့်မယ်။
-- မိမိကိုယ်ကို အောင်နိုင်စေတဲ့ သတ္တိကိုပေးတဲ့ စာမျိုး။ အဲဒီစာမျိုးတွေကို ကြိုးစားပမ်းစားဖတ်နော်။ ကိုယ့်ဘဝ တိုးတက်မှုကို အဲဒီကျလို့ရှိရင် တွေ့လာလိမ့်မယ်။
#အောင်သင်း - အမွေ (စာ - ၅၁/၅၂ )
-- နောက်တစ်ခု လူငယ်နဲ့ ကိုယ်ကျင့်တရား၊ ခုနတုန်းက ရိုးသားဖို့လိုအပ်တယ်လို့ ပြောတဲ့ဥစ္စာ၊ ဦးချစ်မောင်ပြောတဲ့ဥစ္စာကို ပြောခဲ့ပြီ။ အခုတော့ လူငယ်တွေ ရိုးသားဖို့လို့ ပြောနေရတာ။ စာရိတ္တကောင်းဖို့လို့။ ဘာဖြစ်လဲဆိုတော့ လူငယ်တွေက ပျက်ဖို့လို့ တော်တော် တာစူနေကြတာ။ ပျက်ဖို့လို့တာစူတဲ့အထဲထဲမှာ သိသိသာသာကြီး ပျက်တဲ့ဥစ္စာ ဘာလဲဆိုတော့ မူးယစ်ဆေးဝါး သုံးတာတို့လို၊ အရက်သောက်တာတို့လို၊ အဲလိုဟာမျိုးတွေက သိသာတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာထက် ကြောက်စရာကောင်းတဲ့ အလုပ်တစ်ခုက ဘာလဲဆိုတော့ ပိုက်ဆံရပြီးရော၊ ဘယ်ကရရ မရထိုက်တဲ့ အခွင့်အရေး၊ မရထိုက်တဲ့ ငွေကြေး ယူကို မယူချင်နဲ့။ အဲဒီလိုကိုတောင့်ထား။ နို့မဟုတ်ရင် မင်းတို့ တစ်နေ့ကျရင် ဒုက္ခရောက်လိမ့်မယ်။
#အောင်သင်း - အမွေ (စာ - ၇၅/၇၆ )
-- ဂျီသြမေတြီ သင်တာဟာ မင်းကို တြိဂံတစ်ခုအကြောင်း သင်ပေးတယ်။ ထောင့်မှန်တွေ ဘာတွေ၊ မျဉ်းဖြောင့်သည် အတိုဆုံးခရီးဖြစ်တယ်။ တစ်နေရာနှင့် တစ်နေရာ အတိုဆုံးခရီးသည် မျဉ်းဖြောင့်ဖြစ်တယ်၊ ဘာညာဆိုတဲ့ ဥစ္စာ။ ဒါတွေတတ်တော့ဘာဖြစ်လဲ။ အိမ်ဆောက်ဖို့လား၊ မဟုတ်ဘူး။ လမ်းဖြတ်ကူးရင်း တည့်တည့်ဖြတ်ကူးမှ မြန်မြန်ရောက်တယ်။ မျဉ်းဖြောင့်၊ အဲလိုမှတ်ရတယ်။
-- အဲဒါ ဂျီသြမေတြီတွက်မှ မဟုတ်ပါဘူး။ ခွေးတောင်သိတယ်။ ခွေးတွေကိုကြည့်၊ ဒိုင်းဆို ဖြတ်ကူးလိုက်တာပဲ။ ကျွန်တော်တို့ထက်တောင် လည်သေးတယ်။ စဥ့်အိုးတန်းတို့ ကမ်းနားလမ်းတို့ ဘာတို့က ခွေးတွေကိုကြည့်ပါလား။ ဖြတ်ကူးရင် ချင်ကနဲဆို အလယ်ရောက်တယ်။ ဟိုဘက်ဒီဘက် လှည့်ကြည့်၊ အဲဒီမှာ သိပ်ရှုပ်နေရင် ဖြတ်တဲ့အခါကျတော့ ချယ်ဂါရီအောက်က ဝင်လိုက်သွားတယ်။ သူလိုချင်တဲ့နေရာရောက်မှ ထွက်သွားတယ်။ အဲဒီခွေး ဂျီသြမေတြီ မတတ်ပါဘူ။ ဂျီသြမေတြီတတ်တဲ့ဥစ္စာ အိမ်ဆောက်ဖို့မဟုတ်ဘူး။ လမ်းကူးဖို့မဟုတ်ဘူး။ အထောက်အထား မခိုင်လုံရင် မယုံဘူးဆိုတဲ့ ဦးနှောက်မျိုးကို ထရိန်နင်ပေးတာ။ အလေ့အကျင့်လုပ်တာ။
-- အဲ တစ်ခါတလေကျတော့ တက္ကသိုလ်မှာ၊ ကျွန်တော်က တက္ကသိုလ်မှာ ဆရာလုပ်တော့ တော်တော် ရင်နာတယ်။ တချို့ ဘာမှန်းမသိ ညာမှန်းမသိ စွတ်ပြောတာ။ ဒီကောင်က ဘီအက်စီအောင်တယ်သာပြောတယ် မီးခြစ်ဆံတောင် မလုပ်တတ်ဘူးတဲ့။ မီးဖြစ်ဆံလုပ်တတ်ချင်ရင် "အီးစီမဒါး"ဆိုတဲ့ ကုလားမီးခြစ်စက်ရုံ သွားပေါ့၊ ဘာခက်တာမှတ်လို့။ တက္ကသိုလ်က မီးဖြစ်လုပ်နည်းသင်တာမှ မဟုတ်ဘဲ။ မီးဖြစ်ဆံ ဘာကြောင့် မီးတောက်သလဲဆိုတဲ့ သီအိုရီကို သင်တာ။ တက္ကသိုလ်က ဘာသင်တာမှန်း မသိဘဲ စွတ်ပြောတာ။ ဘီအက်စီ မက္ကင်းနစ်ကယ်လ်၊ အင်ဂျင်နီယာ မက္ကင်းနစ်ကယ်လ်တွေကွာ သုံးဘီးကားတောင် မပြင်တတ်ဘူး။ သုံးဘီးကားပြင်တတ်ချင်ရင် ကြက်တန်းသွားပေါ့။ မြေနီကုန်းမှာ သွားပြင်ပေါ့၊ အကျွန်တော်က အဲဒီလို ပြောလိုက်တယ်။ ဒီကောင်က တက္ကသိုလ်မှာ သီအိုရီကို သင်ခဲ့တာ။ အဲဒီအခြေခံကို သိတော့ နောက်လုပ်သွားလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ တစ်ခါတလေကျ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။
-- အဲတော့ ခင်ဗျားကို ပြောမယ်။ မင်းတို့ ပညာဆက်ပြီးသင်ချင်သင်ပါ။ ဘာမှ သူတို့ပြောတာကို ချိန်ဆမနေနဲ့။ လူဆိုတာ အမျိုးမျိုးပေါ့။ တစ်ချို့က စာမေးပွဲ မအောင်ဘူး၊ မအောင်တော့ အိမ်မှာ ကွမ်းယာဆိုင်ဖွင့်မယ်၊ စာအုပ်ငှားမယ်၊ ဒါမျိုးလေးနဲ့ လုပ်ကိုင်စား။ "တို့က စာမေးပွဲမအောင်ပေမယ့် ဝင်ငွေ တစ်နေ့ကို ဘယ်လောက်ရတာ"။ သူ့ဘာသူ မအောင်လို့လုပ်တဲ့ကိစ္စ။ အဲဒါတွေကို သွားပြီး မဟုတ်တာတွေကို သွားပြီး အားမကျနဲ့နော်။
#အောင်သင်း - အမွေ (စာ - ၇၉/၈၀ )
-- စိတ်ဓာတ်ကြံ့ခိုင်တာ စာဖတ်ခြင်းနဲ့ လုံလောက်တာမဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓါတ်ကြီးကြံ့ခိုင်လာတာမဟုတ်ဘူး။ စာဖတ်တာက စိတ်ဓါတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swim ရေကူးနည်းစာအုပ်ကို ဖတ်ပြီးတော့ ရေထဲ ဝုန်းခနဲခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲပေါ်လာမှာ။ ကယ်တော်မူပါပေါ့။ ဟုတ်လား။ ပြောချင်တာက ရေကူးနည်းစာအုပ်ကိုဖတ်၊ ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊ ဟုတ်လား။ အလေးမနည်းကို ဖတ်ပြီးတော့မှ အလေးမလေ့ကျင့်ရတာ။ စာကိုဖတ်ရုံနဲ့ ကြွက်သားကြီးက ကောင်းလာတာမဟုတ်ဘူး။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေမှာပဲ။ စာဖတ်ပြီးတော့လည်း လေ့ကျင့်ရသေးတာ၊ ဒီမှာကာရာတေး ကျင့်နည်းတွေဘာတွေ ရှိသားပဲ။ ဒါပေမဲ့ အဲဒီ ကာရာတေးကျင့်နည်းတွေ ဖတ်ရုံနဲ့ ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ် ဘယ်လိုပြန်ကျင့်ရမယ် ဆိုတာ သိလာမှာ။ အဲဒီအတိုင်း ပြန်ကျင့်မှ မင်းရဲ့စိတ် ကျင့်သားကောင်းလာမှာပေါ့။ ကြံ့ခိုင်လာမှာပေါ့။ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေကို ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။
Credit; ဆရာအောင်သင်း အမွေစာအုပ်မှ
0 comments:
Post a Comment