Monday, September 7, 2015

စာရေးဆရာအောင်သင်းနှင့် ရေကြည်ရာမျက်နုရာမှ

စာရေးဆရာအောင်သင်းနှင့် ရေကြည်ရာမျက်နုရာမှ- (မေးမြန်းသူ-မောင်အေးအောင်) #ဆရာကြီးပြောခဲ့ဖူးတဲ့ သခင်စိတ်ထားဖို့နဲ့ သူခိုးစိတ်၊ ကျွန်စိတ်မထားဖို့ဆိုတာရှင်းပြပေးပါ။ - သခင်စိတ်ထားရမယ်ဆိုတာ တို့ဗမာအစည်းအရုံးမှာ သခင်ဆိုတဲ့စကားလုံးကိုက အဲဒီ တုန်းကအင်္ဂလိပ်ကိုသခင်ခေါ်နေရတာကိုး။ ဘုရားထူးနေရတာကိုး။ အဲ့ဒီဥစ္စာကို ပြောင်းပြန် လှန်ပြီးတော့ သခင်ဘသောင်းကစတာပဲ။ ပိုက်ဆံးပေးခိုင်းတဲ့သူက သခင်၊ ပိုက်ဆံငွေကြေးယူပြီး လုပ်ရတဲ့သူက အစေခံ ကျွန်လို့မသုံးဘူး။ အဲ့ဒီတုန်းကအစေခံလို့သုံးတယ်။ အဲ့ဒီတော့ ``ဘုရင်ခံကစပြီးပြာတာထိအောင်ဟာ တိုင်းပြည်ရဲ့ အစေခံတွေပဲ.......ငါတို့သာလျှင်သခင်``ဆိုပြီးသုံးခဲ့တာ။ -ခုဒီနေရာမှာ သခင်စိတ်ထားရမယ်ဆိုတာ ကိုယ်ကအလုပ်လုပ်တယ်။ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်သိက္ခာကို ကိုယ်ရိုသေတဲ့သဘောနဲ့ အဲဒီလိုစိတ်မျိုးထားရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ဟိုဟာလစ်ထား၊ ဒီဟာလစ်ထားသူခိုးစိတ်ပေါ့။ ဝတ်ကျေတန်းကျေလုပ်တာကျွန်စိတ်ပေါ့။ ဆိုလိုတက ဥပမာ-မင်းလုပ်ငန်းတစ်ခိုကိုလုပ်တယ်ဆိုပါတော့။ ဒီလုပ်ငန်းကို မင်းကလခစားအနေနဲ့လုပ်တာပဲ။ သို့သော အဲဒီလုပ်ငန်းကို မင်းကဒီနည်းနဲ့အပြင် ဒီပြင်ဘယ်နည်းနဲ့လုပ်နိုင်သလဲလို့ ကိုယ်လုပ်ငန်းကဲ့သို့ သဘောထားပြီး ကြံစည်ပြီးတော့လုပ်သွားတဲ့သူ သခင်စိတ်ပဲ။ အဲဒီလူတွေက ကြီးပွားလာတာပဲ။ သခင်စိတ်ကို အဲဒါပြောချင်တာ။ - ကျွန်စိတ်ဆိုတာ ဝတ်ကျေတန်းကျေပဲ။ သူခိုးစိတ်ဆိုတာ အချိန်ရော၊ ဘာရော မျိုးစုံခိုးတာ။ အဲဒါတွေကျတော့ စာရိတ္တဘက်ပါသွားတယ်။ ကျွန်စိတ်က နိမ့်ကျတဲ့သဘောပါတယ်။ သူခိုးစိတ်က စာရိတ်တပျက်တဲ့သဘောပါတယ်။ သခင်စိတ်ကတော့ တကယ့်ကိုအကောင်းဆုံးပဲ။ ဆိုကြစို့....မင်းအခု လျှပ်တစ်ပြက်တိုက်မှာလုပ်နေတယ်ဆိုတာမှာ ဘယ်လိုလုပ်လို့ရှိရင် ကောင်းနိုင်မလဲ၊ မင်းအမြဲစိတ်ကူးနေရမယ်။ မင်းဟာ ပိုင်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ မင်းစိတ်ထဲမှာ ဒီလုပ်ငန်းကို ဘယ်လိုလုပ်ရင်ကောင်းနိုင်မလဲဆိုတာကို အမြဲတမ်းစိတ်ကူးကြံစည်နေရမယ်။ သူများတွေ ဘယ်လိုလုပ်နေသလဲ။ ဒီပြင်တိုက်က ဘယ်လိုလုပ်နေသလဲ။ ဘယ်လိုစာအုပ်က ဘယ်လိုလုပ်သလဲ။ အဖုံးက ဘယ်လိုလုပ်သလဲ။ ဒါတွေကို မင်းမပြတ်ကြည့်နေရမယ်။ နိုင်ငံခြားစာစောင်တွေကြည့်ရမယ်။ ဘယ်လိုတင်သလဲ၊ ဘယ်လိုပြင်သလဲ၊ ဘယ်ဓာတ်ပုံထည့်သလဲ၊ အဲဒါကိုကြည့်ပြီး မင်းလုပ်ငန်းအပေါ်စိတ်ဝင်စားရမယ်။ မင်းဟာပိုင်ရှင်မဟုတ်ဘူး။ အလုပ်သမားတစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းဖြစ်ဘိသကဲ့သို့ စိတ်ကူကြံစည်ပြီးလုပ်နေရင် အလိုလိုနေရင်းသခင်စိတ်ဖြစ်သွားတာပဲ။ တစ်နေ့ကျရင် မင်းကြီးပွားလာမှာပဲ။ #အခုခေတ်မှာ တချို့ပညာရေးအားမပါတဲ့လူငယ်တွေက -ပိုက်ဆံရှာဖို့အရေးကြီးတယ်။ မညာမတတ်လည်းဖြစ်တယ်။ ဆယ်တန်းမအောင်လည်းဘာဖြစ်လဲ ..... နိုင်ငံခြားထွက်မယ်-- ဆိုပြီး ကြွေးကြော်နေကြတာရှိပါတယ်။ ဒီအပေါ်မှာ ဆရာကြီးအမြင်ဘယ်လိုပါလဲ။ -အရင်တုန်းကမလေးရှားမှာ --ဟဲ့ . . စာကြိုးစား။ နင်အောင်လို့ရှိရင် ရန်ကုန်တက္ကသိုလ်ကိုပို့ပေးမယ်-- လို့ပြောခဲ့ကြတာ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ စင်္ကာပူ ဟာ (1959)ခုနှစ် လွတ်လပ်ရေးရတယ်။ တို့က (1948)ခုနှစ်ရတယ်။ လီကွမ်ယူက သူတို့လွတ်လပ်ရေးယူခါနီးမှာ တို့ရန်ကုန်တက္ကသိုလ်ကိုလာတယ်။ သူကဘာပြောသလဲဆိုရင် --လာမဲ့နှစ်အစိတ်၊ သုံးဆယ်ကျရင် မြန်မာပြည်ရဲ့ အဆင့်ကို ကျွန်တော်မီအောင်ကြိုးစားမယ်-- လို့ပြောခဲ့တာ။ သူက brain drain အဖြစ်မခံတဲ့အပြင် သူဆီက ကလေးတွေအကုန်လုံးကို west education အမေရိကန်၊ အင်္ဂလန် အကုန်ပို့ပေးတယ်။ လီကွမ်ယူ ယူတဲ့ပုံစံက အနောက်နိုင်ငံက education တွေချည်းပဲ။ ပို့ပြီးတော့ သူံတိုင်းပြည်ကို သူပြန်လုပ်တယ်။ သူ့တိုင်းပြည်က သယံဇာတထွက်တဲ့ တိုင်းပြည်မဟုတ်ဘူး။ ရေတောင်ဝယ်သောက်နေရတာ။ ဘာမှမထွက်တဲ့အခါကျတော့ လူကိုအကောင်းစားဖြစ်အောင်လုပ်တာ။ အခုဒီက ကလေးတွေဖြစ်နေတဲ့သဘောကိုငါပြောမယ်။ သူတို့က --ဆယ်တန်းအောင်လည်းဘာဖြစ်မှာလဲ-- ဆိုတာကိုပြောတယ်။ ကောင်းပြီ --ဆယ်တန်းကိုတန်ဖိုးမထားလို့ --မင်းအခုဘာတွေလုပ်နေလဲ-- လို့ပြန်မေးလိုက်ရင် ဘာမှပြောစရာထွက်မလာတော့ဘူး။ ဘွဲ့ရပြီးတော့ကောဘာလုပ်မှာလဲ။ ကုမ္ပဏီတစ်ခုမှာ စာရေးလုပ်၊ ဘာလုပ် .... လုပ်နေရတာပဲဆိုတဲ့သူတွေ --ကောင်းပြီ မင်းကဘွဲ့မယူတော့ဘူးဆိုရင် မင်းကအဲ့ဒီဘွဲ့နဲ့တန်းတူဖြစ်အောင် အခုဘာတွေလုပ်နေတုန်း-- လို့မေးရင် သူတို့မှာအဖြေမရှိဘူး။ လမ်းသွားပြီးတော့ ဂိမ်ဆိုင်ထိုင်နေမယ်။ ဘိလိယက်ထိုးနေမယ်။ ဒါမှမဟုတ် အရက်ဆိုင်ထဲရောက်နေမယ်။ အဲဒါမျိုးတွေဖြစ်နေတာ။ အရေးကြီးတဲ့အချက်ကတော့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အချိန်ကိုဘယ်လိုအသုံးချလဲ။ လူတစ်ယေက်ရဲ့ အစွမ်းအစသိချင်ရင် သူ့ရဲ့ အချိန်ကိုဘယ်လိုအသုံးချကြည့်လဲ။ ဒါပါပဲ။

0 comments:

Post a Comment